🌲အာပါယိကသုတ်🌲
ရဟန်းတို့ ဤအယုတ်တရားတို့ကို မပယ်ခြင်းကြောင့် အပါယ်သို့ လားရမည့်သူ၊ ငရဲသို့ ရောက်ရမည့်သူတို့သည် ဤသူသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူကား- မမြတ်သော အကျင့်ကိုကျင့်နေသည် ဖြစ်ပါလျက် မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသူလည်းကောင်း၊
မြတ်သော အကျင့်ကို ကျင့်သော စင်ကြယ်သော ပုဂ္ဂိုလ်ကို အခြေအမြစ်မရှိသော မမြတ်သော အကျင့်ဖြင့် စွပ်စွဲသူလည်းကောင်း၊ ''ကာမဂုဏ်တို့၌ အပြစ်သည် မရှိ'' ဤသို့ဆိုလေ့ ဤသို့ယူလေ့ရှိ၍ ထို အယူဖြင့် ကာမဂုဏ်တို့၌ သုံးဆောင် ခံစားခြင်းသို့ ရောက်သူလည်းကောင်း-တို့တည်း။
ရဟန်းတို့ ဤအယုတ်တရားတို့ကို မပယ်ခြင်းကြောင့် အပါယ်သို့ လားရမည့်သူ၊ ငရဲသို့ ရောက်ရမည့်သူတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)
မကျင့်တံလျှင် ၊ ကျင့်ဟန်ဆင် ၊ ပါယ်တွင် လားမည့်သူ ။ ကျင့်သူကိုလျှင် ၊ ဆဲ ကျိမ်း လျှင် ၊ ပါယ်တွင် လားမည့်သူ ။ ကာမခံစား ၊ ပြစ်ကားမယူ ၊ ခံစားသူ ၊ ပါယ် မူ လားမည့်သူ ။ အံ ၊ ၁ ၊ ၂၆၉ ။ အာပါယိကသုတ် ။

No comments:
Post a Comment