Tuesday, July 2, 2019

သာသနာနှစ်

ချစ်သား ကဿပ -
ပထ၀ီ တေဇော စသော ဓာတ်ကြီးလေးပါးသည် သာသနာတော်ကို မကွယ်ပျောက်စေနိုင်၊ သာသနာတွင်းမှ ပုဂ္ဂိုလ်များသည်သာလျှင် ငါဘုရားရှင်ရဲ့ သာသနာတော်ကို ကွယ်ပျောက်စေနိုင်သည်။ "
(နိဒါန ၀ဂ္ဂသံယုတ်၊ သဒ္ဓမ္မရူပကသုတ် )

သာသနာဆိုတာ ဘုရားအဆုံးအမတွေ၊ ဩဝါဒတွေကိုပြောတာ၊ ဒါတွေဟာ ချုံလိုက်လျှင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးပါပဲ။ ဒီသိက္ခာသုံးပါးဆိုတာ ဘုရားကညွန်ပြလို့ သိကြရတာ၊ ဘုရားသာ မပွင့်ပေါ်လျှင် သိက္ခာသုံးပါးဆိုတာလည်း မရှိနိုင်ဘူး၊ "သာသနာကျဆင်းတယ်" ဆိုတာ သိက္ခာသုံးပါး လျှောကျလာတာကို ဆိုတာ၊ သီလတွေ မလုံခြုံ၊ သမာဓိတွေက ပျက်ပြား၊ ပညာတွေကလည်း နည်းပါး ဖြစ်လာကြတာပေါ့။
(အရှင်ဇနကာဘိဝံသ)

သာသနာတွင်းက ပုဂ္ဂိုလ်များဆိုတာ
ဗုဒ္ဓဘာသာဝင်အားလုံးကို ရည်ညွှန်းတယ်။
သာသနာတွင်းက ပုဂ္ဂိုလ်များသည်သာ သာသနာတော်ကို ကွယ်ပျောက်စေနိုင်သည်ဟူသောဗုဒ္ဓ၏ ဟောကြားချက်ကို သတိထား၍ မိမိကိုယ်ကို ဦးစွာစစ်ဆေးသင့်တယ်။
မိမိကိုယ်တိုင် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည်ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါတယ်။
ဆရာတော် အရှင်ဇ၀န
( မေတ္တာရှင် )

သာသနာဆိုတာ လိုက်နာသူအပေါ်သာ လုံးဝ တည်နေတယ်။ မလိုက်နာရင် ဘုရားရှိနေလည်း မဆိုင်၊ မရှိလည်းဘဲ မဆိုင်ဘူး၊ ဒီဘုရားရှင် ဟောထားတဲ့ အဆုံးအမအတိုင်း လိုက်နာမှု၊ မလိုက်နာမှု အပေါ်မှာသာ မူတည်တယ်။
လိုက်နာသူအတွက် သာသသနာတည်တယ်။
မလိုက်နာသူအတွက် မတည်ဘူး မရှိဘူး။
သာသနာတည်တယ်ဆိုတာ အဲဒါပဲ ရှင်းကြပလား။
( ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး )


ပါထိက၀ဂ္ဂ အဋ္ဌာကထာနှင့် သုတ်ပါထေယျ အဋ္ဌာကထာတွင်
(၁) ပဋိသမ္ဘီဒါလေးပါး ရသော ရဟန္တာခေတ် တစ်ထောင်။
(၂) အဘိဉာဉ် ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် တစ်ထောင်။
(၃) ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံသောရဟန္တာခေတ် တစ်ထောင်
(၄) ဈာန်မရသော ရဟန္တာခေတ် တစ်ထောင်။
(၅) ၂၂၇- သွယ်သော သိက္ခာပုဒ် တို့ကို ထိမ်းသိန်းစောင့်ရှောက်သော ပုထုဇဉ် ရဟန်းတော်ခေတ် တစ်ထောင် ဟူ၍ ဖွင့်ဆို ထားပါသည်။

အင်္ဂုတ္တရ အဋ္ဌကထာ နှင့် သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ တို့တွင်-
(၁) ပဋိသမ္ဘီဒါလေးပါး ရသော ရဟန္တာခေတ် တစ်ထောင်။
(၂) အဘိဉာဉ် ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် တစ်ထောင်။
(၃) ၀ိဇ္ဇာ သုံးပါးနှင့် ပြည့်စုံသော
(၄) ဈာန် မရသော ရဟန္တာခေတ် တစ်ထောင်။
(၅) အနာဂါမ်၊ သကဒါဂါမ် ၊သောတာပန် အရိယာခေတ် တစ်ထောင် လို့
နှိုင်းယှဉ် ဥပမာပြု၍ ရေတွက်ထားပါသည်။
ဖော်ပြပါ သာသနာ (၅၀၀၀) နှိုင်းယှဉ် ဖွင့်ဆိုပြချက်များ မှာ သာသနာတော် အနှစ် (၅၀၀၀) ပဲတည်တံ့မည်ဟု ဖော်ပြထားခြင်း မဟုတ်ဘဲ ရဟန္တာခေတ်များ ကို ပိုင်းခြား သတ်မှတ်ထားခြင်းသာဖြစ်ပါသည်။
သာသနာတော် ဆိုသည်မှာ
“အဆုံးအမ”သာဖြစ်ပါသည်။
နှစ်၊ ကာလ “အပိုင်းအခြား”မဟုတ်ပါ။
ဘုရားရှင် ၏ အဆုံးအမ တရားဓမ္မ ကို မလိုက်နာကြသဖြင့် သာသနာနှစ် (၂၅၀၀) မပြည့်ခင်ကပင် သာသနာတော် ကွယ်ပခဲ့သည့် နေရာဒေသ နိုင်ငံများကို သတိမူသင့်ကြပေ၏။ ဘုရားရှင် ၏ အဆုံးအမ တရားဓမ္မ များကို လိုက်နာ ကျင့်သုံးနေထိုင်ကြမည် ဆိုပါက နှစ်ပေါင်း (၅၀၀၀) မက ၅-သောင်း မက၊ ၅-သိန်း မက တည်ရှိနိုင်၏။ ဘုရားရှင် ၏ အဆုံးအမ တရားဓမ္မ များကို မလိုက်နာ၊ မကျင့် သုံးလျှင်ကား အနှစ် ( ၅၀၀၀) မပြည့်မီလည်း သာသနာတော်သည် ကွယ်ပျောက် သွားနိုင်ပါသည်။
မြတ်စွာဘုရားရှင်ဟောကြားတော် မူခဲ့သည့် ကိုယ်စား ထားရစ်တော် မူခဲ့သည် တရား အဆုံးအမ “ဓမ္မ ၊ ၀ိနယ” လိုက်နာကျင့်ကြံသူ ရှိနေသ၍ သာသနာတည်ရှိနေမည်ပင်ဖြစ်ပါသည်။

No comments:

Post a Comment