Tuesday, July 2, 2019

နိဗ္ဗာန်တံခါးကြီး

❖ မဂဓတိုင်းတစ်ခွင်မှာ မိစ္ဆာဝါဒတွေ
ထွန်းကားနေလို့ လောကသားတွေအတွက် နိဗ္ဗာန်တံခါးကြီး ပိတ်နေတယ်၊ နိဗ္ဗာန်တံခါးကြီး ဖွင့်ဖို့ ပြောဆိုနိုင်တဲ့သူ လူသားထဲက တစ်ယောက်မှ မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုရင် ထိုခေတ် ထိုအခါက ဘုရားမပွင့်မီ ကြိုတင်ပြီး ပေါ်နေတဲ့ အယူဝါဒတွေ အလွန်ထွန်းကားနေသည့် အတွက်ကြောင့် လူတွေဟာ ထိုဝါဒတည်းဟူသော ကန္တာရ
ကြီးထဲမှာ တွေဝေနေကြတယ်။ ဘယ်ဟာ မှန်သလဲ ဘယ်ဟာမှားသလဲဆိုတာ ဆုံးဖြတ်နိုင်ကြခြင်း မရှိကြဘူး။

❖ သဟမ္ပတိဗြဟ္မာကြီးကတော့ သူကိုယ်တိုင် ဗြဟ္မာမဖြစ်ခင်က ကဿ      ဖမြတ်စွာဘုရား၏ တပည့် ဘုန်းတော်ကြီးတစ်ပါးပဲ။ သဟကပတိ ခေါ်တယ်။ သမထကျင့်စဉ်တွေ ကြိုးစားအားထုတ်လို့ ဈာန်ရပြီး ပြန်လွန်တော်မူတဲ့အခါကျတော့ ပထမဈာန်ဗြဟ္မာဘုံမှာ မဟာဗြဟ္မာအနေနဲ့ သွားဖြစ်တယ်။ ဗြဟ္မာပြည်ရောက်တဲ့အခါ နာမည်လေး ပြောင်းသွားတယ်၊ သဟမ္ပတိ လို့သိကြတယ်။
ကဿဖမြတ်စွာဘုရား လက်ထက်က
တရားဓမ္မကျင့်ကြံသည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မိစ္ဆာဝါဒတွေဟာ
မမှန်ဘူးလို့ဆိုတာ သူကိုယ်တိုင် သိရှိနားလည်တယ်။ မိစ္ဆာဝါဒတွေကို မဖြေရှင်းပဲနဲ့ နိဗ္ဗာန်တံခါးဆိုတာ ပွင့်လာမှာ မဟုတ်ဘူး။

❖ နိဗ္ဗာန်တံခါးကို ဖွင့်ပေးပါလို့ သူက
လျှောက်ထားတော့ မြတ်စွာဘုရားက
သူ့ကို ပြန်ကြားတဲ့ စကားလေးက
`အပါရုတာ အမတဿ ဒွါရာ၊ယေ သောတ ဝန္တော ပမုဉ္စန္တု  သဒ္ဓံ။´
သူ၏လျှောက်ထားချက်ကို လက်ခံလိုက်တယ်။ လက်ခံပြီးတော့
ငါဘုရား နိဗ္ဗာန်တံခါးကြီး ဖွင့်လိုက်ပါပြီတဲ့၊
သူ့ဘက်ကတော့ တံခါးဖွင့်ပေးနေပြီ။
ကျန်တဲ့ပုဂ္ဂိုလ်တွေဘက်က တာဝန်ယူရမယ်။ လူဆိုတာက အပြန်အလှန်ဆိုတာ ရှိကြတယ်။ တစ်ဦးတည်း လုပ်လို့မရ။

❖ မြတ်စွာဘုရားဘက်ကတော့ နိဗ္ဗာန်တံခါးကြီး ဖွင့်ပေးလိုက်ပြီ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေဘက်က ဘာတုံ့ပြန်မလဲဆိုတာ
`ပမုဉ္စန္တု  သဒ္ဓံ´= ယေ၊ အကြင်လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့သည်
သောတဝန္တော၊ ထောင်နိုင်စွမ်းရှိတဲ့ ပညာနားရှိကြကုန်၏၊ နားမပါရင် မကြားရဘူး၊
ပကတိနားက ပကတိအသံ ကြားနိုင်တယ်၊
တရားဓမ္မရဲ့အနှစ်ကို သိနိုင်စွမ်း မရှိဘူး၊
ဒီနေရာမှာ ခံယူစွမ်းရှိတဲ့ ကြားနိုင်စွမ်းရှိတဲ့နားဆိုတာ ပညာကို ရည်ညွှန်းပြီး မိန့်တာပါ။
ပညာနားရှိမှ ပြောတာ နားလည်တယ်၊
ပညာနားမရှိပဲ ပကတိနားရှိတဲ့ပုဂ္ဂိုလ်ကျတော့ပြောတာ နားလည်ချင်မှ နားလည်မယ်။

❖ လူတွေက ရိုးရိုးစကားပြောတာတောင်မှ ဒီလူ နားကိုမလည်ဘူး ပြောကြတယ်၊ နားရှိတိုင်းနားလည်တယ်လို့ မအောက်မေ့နဲ့၊ ဒီပုဂ္ဂိုလ် ပြောရခက်လိုက်တာ နားကိုမလည်ဘူးလို့ ပြောကြတယ်၊ ပကတိနားက ပကတိအသံတွေ
လောက်ပဲသိတယ်၊ အကောင်း အဆိုး အကြောင်းအကျိုး စသည်ခွဲခြားသိတာကမှ ပညာသိ။

❖ `ယေ၊ အကြင် လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်
သောတဝန္တော ကြားပြီးတော့ သိနိုင်စွမ်းရှိတဲ့နားရှိကြကုန်၏။
´ဘုရားဟောတရားကို မနာဘဲနဲ့
မည်သူ တစ်ဦးတစ်ယောက်မှ အသိဉာဏ်ထူးမရနိုင်ဘူး၊ သူများဆီက တရားဓမ္မကို မကြားနာဘဲနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ရနိုင်တာက သမ္မာသမ္ဗုဒ္ဓနဲ့ ပစ္စေကဗုဒ္ဓ (၂) ဆူ ပဲရှိတယ်။
သူများဆီက ကြားစရာမလိုဘူး၊ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဉာဏ်နဲ့ အရာတစ်ခုကို ထိုးထွင်းပြီး သိမြင်နိုင်စွမ်းရှိတယ်၊ ဒါလည်းပဲ အတိတ်ဘဝက ဖြည့်ဆည်းခဲ့တဲ့ ပါရမီစွမ်းအားကြောင့် အင်မတန်မှ ထူးခြားထက်မြက်တဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေ ဒီပုဂ္ဂိုလ်တွေမှာရှိတယ်၊ ရှိလို့သာ သူများဆီကနားထောင်ပြီး စဉ်းစားစရာ မလိုဘူး၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီလိုနားထောင်မှု မပြုရင် ဉာဏ်ရည်ဉာဏ်သွေး မဖြစ်နိုင်ဘူး။

❖ မြတ်စွာဘုရားပြီးရင် ပညာအတော်ဆုံး ဧတဒဂ် ရတဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတောင်မှ တရားလေးတစ်ပုဒ် မနာရရင် သောတာပန်ဖြစ်ဖို့ မရှိဘူး၊ ဗုဒ္ဓဘာသာကို မကူးပြောင်းနိုင်ဘူး။ အရှင်အဿဇိ ဆီကနေပြီးတော့ ဂါထာလေးတစ်ပုဒ် နာလိုက်ရမှ လေးပါဒရှိတဲ့ ဂါထာ တစ်ပုဒ်မှာ နှစ်ပါဒ နာလိုက်ရတာနဲ့ ပညာဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ချက်ချင်းသဘောပေါက်ပြီး သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားတယ်။ မနာရရင် မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့လို့ နားဟာ အင်မတန်မှ အရေးကြီးတယ်။

❖ ပညာနား ပညာမျက်စိ၊
ပညာမျက်စိက မြင်ရုံမြင်တယ်၊ ပညာနားက ကြားနိုင်တယ်။ မြင်လည်းမြင်နိုင်စွမ်း ရှိရမယ်၊ ကြားလည်းးကြားနိုင်စွမ်း ရှိရမယ်။ ဆိုလိုတာက မြင်ပြီးတော့ ဆုံးဖြတ်နိုင်တဲ့ ဉာဏ်မျိုး၊ ကြားပြီးတော့ ဆုံးဖြတ်နိုင်တဲ့ ဉာဏ်မျိုး ။`ယေ၊ အကြင် လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် သောတဝန္တော ထောင်နိုင်စွမ်းရှိတဲ့ ပညာနားရှိကြကုန်၏။
ပညာနားမရှိဘူးဆိုရင် အသံလေးက
ကောင်းလိုက်တာ၊ အပြောကကောင်းတယ်2 ဒီအဆင့်ပဲ ရှိမယ်၊ ဘာမှ သိမှာမဟုတ်။ အတိမ်အနက် သိမှာမဟုတ်၊ ပညာနားရှိမှ ဒီသဘာဝတရားဟာ ဒီလောက်ထိ လေးနက်တယ်ဆိုတာ သဘောပေါက်မယ်။ အဲ့ဒီတော့ ပညာနားဆိုတာ သိပ်အရေးကြီးတယ်။ ပကတိနားက လူတိုင်းလိုလို ရှိကြတယ်။ ထောင်တတ်တဲ့ ပညာနား ရှိဖို့လိုတယ်။

❖ သတ္တဝါတွေမှာ ပညာနားရှိပေမယ့် သူ့မှာ ယုံကြည်ချက် မရှိဘူးဆိုရင် နားထောင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် မြတ်စွာဘုရားက အရေးကြီးတဲ့ အချက်ကို ဗြဟ္မာကြီးကို မှာလိုက်တယ်၊ တုံ့ပြန်လိုက်တယ်။
အေး - နိဗ္ဗာန်တံခါးကြီးကို ငါဖွင့်မယ်၊ သို့သော် ပညာနားရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမလဲဆိုရင် သဒ္ဓါလို့ဆိုတဲ့ယုံကြည်ချက် ရှိရမယ်၊ ငါ့အပေါ်မှာ ယုံကြည်ချက် ထားကြမယ်တဲ့။

❖ ယုံကြည်ချက် မထားရင် နားကိုမထောင်ဘူး၊
လူတစ်ယောက်အပေါ်မှာ မယုံကြည်ဘူး ဆိုရင် သူပြောတာ နားထောင်မှာ မဟုတ်ဘူး၊ ယုံကြည်ချက်ရှိဖို့ အင်မတန် အရေးကြီးတယ်။ ယုံကြည်ချက်ရှိလာတဲ့အခါ နားထောင်မယ်၊
နားထောင်တဲ့အခါမှာ အကြောင်း အကျိုး အကောင်း အဆိုး သိမယ်။ ဒါကြောင့်မို့ မြတ်စွာဘုရား မှာတဲ့ အဓိပ္ပယ်က အင်မတန် လေးနက်တယ်။

❖ အေး - အသိပညာရှိတဲ့ ပုဂ္ဂိုလ်တွေ အသိပညာ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲ တတ်တတ် သဒ္ဓါတရား မပါဘူးဆိုရင် ငါပြောတာလက်ခံမှာ မဟုတ်ဘူး၊ ငါ့အပေါ် ယုံကြည်စိတ် ထားရမယ်၊
လူ့လောက ကိစ္စတွေတောင်မှ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုဆိုတာ ရှိရတယ်၊ ယုံကြည်မှု မရှိရင် ဘာမှ အလုပ်မဖြစ်ဘူး၊ မြတ်စွာဘုရားရှင် ကိုယ်တိုင်တောင်မှ ယုံကြည်မှုကို ထားကြလို့ ပြောတာ။
❖ မြတ်စွာဘုရားအပေါ်မှာ ထူးခြားတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရရှိတယ်ဆိုတာကို ယုံကြည်မှု ရှိရမယ်၊ ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ သဒ္ဓါလို့ဆိုတဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဖွင့်တိုင်း ဖွင့်တိုင်း
`သဒ္ဒဟတိ တထာဂတဿ ဗောဓိ´ လို့ ဆိုတာဖြစ်တယ်။ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကို လက်ခံယုံကြည်ဖို့ သိပ်အရေးကြီးတယ်။

❖ ကြည့် - ပါရမီပြည့်နေတဲ့ ပဉ္စဝဂ္ဂီတွေတောင်မှပဲ မြတ်စွာဘုရားက ငါ တရားထူး တရားမြတ် ရလာပြီလို့ပြောတဲ့အခါ လက်မခံကြဘူး၊ မယုံကြဘူး၊ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။
တစ်ခါမက၊ နှစ်ခါမက၊ သုံးခါမကငြင်းကြတယ်။
မြတ်စွာဘုရားက ငါပြောတာ နားထောင်ကြ၊ ငါ တရားထူး တရားမြတ် ရလာပြီဆိုတာတောင် မဖြစ်နိုင်ပါဘူးတဲ့၊ အခုလို လျှောက်သွားနေတာ ဘယ်လိုလုပ် တရားထူးရမတုံး၊ ( ၆ ) နှစ်ပတ်လုံးပင်ပင်ပန်းပန်း အစာပြတ် ရေငတ်ခံပြီး ကျင့်တာတောင်မှ မရတာ၊ အခုလိုအခြေအနေမျိုးနဲ့ ဘယ်ရမလဲ၊ မယုံဘူး၊ သူတို့က လုံးဝလက်မခံဘူး။

❖ နောက်ဆုံးကျတော့ ဘုရားက ရှင်းပြလိုက်တဲ့ စကားလေးတစ်ခုကြောင့် သူတို့ လက်ခံသွားတယ်။
စဉ်းစားကြည့်တဲ့ ( ၆ ) နှစ်ကာလ တရားအားထုတ်နေတုန်းက ငါ တရားထူး တရားမြတ် ရပြီ - ရတော့မယ် - စိတ်မပျက်ကြနဲ့လို့ ဘယ်နှစ်ခါပြောဘူးလဲ ဆိုတော့ သူတို့ ပြန်စဉ်းစားပြီး
အေး  ဟုတ်တယ်
ငါ တရားထူး တရားမြတ်ရပြီလို့ ဗုဒ္ဓ ဂေါတမက ငါတို့ကို တစ်ခါမှ မပြောဖူးဘူး၊ အခု ဒီတစ်ခါ သူ တကယ်ရလို့ တကယ်ပြောတာ ဖြစ်မှာပဲဆိုပြီး စိတ်ဝင်စားလာကြတယ်။ ယုံကြည်မှုလေး ပါလာတယ်၊ အဲ့ဒီကျတော့မှ မြတ်စွာဘုရားက နားထောင်ကြဆိုပြီး ဓမ္မစကြာဒေသနာကို ဟောတော်မူတယ်။

#ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏
နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါစာအုပ်
စာမျက်နှာ - (၈၁-၈၈) မှ ကောက်နှုတ်ပူဇော်ပါသည်။

Crd org writer

No comments:

Post a Comment